ကျေးဇူးတော်ရှင် ဆရာတော် ဦးကောသလ္လ (ဓမ္မစေတီ) ၏ ဗုဒ္ဓဂုဏ်တော် ဘုရားရှိခိုး


ကျေးဇူးတော်ရှင် ဆရာတော် ဦးကောသလ္လ (ဓမ္မစေတီ) ၏ ဗုဒ္ဓဂုဏ်တော် ဘုရားရှိခိုး



နမော ၀ိဘဇ္ဇ၀ါဒိနော မဟာကာရုဏိကဿ

မဟာကာရုဏိကဿ - ကြီးကျယ်များပြား ကရုဏာ တရားကို၊ ဝေနေယျ သတ္တ၀ါတို့ အပေါ်၌ ထားတော်မူပေထသော၊

မဟာကာရုဏိကဿ - အောက်သံသရာ သက္ကာယ၊ အထက် သံသရာ သက္ကာယဟု ဆိုအပ်သော သက္ကာယ နှစ်ဌာနသို့၊ မကျမရောက် ရအောင် စောင့်ရှောက် ကယ်တင် မဟာ ကရုဏာရှင်လည်း ဖြစ်တော် မူပေထသော၊

မဟာကာရုဏိကဿ - ဒုဂ္ဂတိဘုံ၌ ခံစားရမည့် ဒုက္ခသစ္စာ၊ သုဂတိဘုံ၌ ခံစားရမည့် ဒုက္ခသစ္စာ၊ ဤသစ္စာ တရားတို့ကို မခံစား ကြရအောင်၊ စောင့်ရှောက် ကယ်တင် မဟာ ကရုဏာရှင်လည်း ဖြစ်တော် မူပေထသော၊

ဝိဘဇ္ဇ၀ါဒိနော - ဝေဖန် ပိုင်းခြားကာ ဟောကြားတော် မူလေ့ရှိတော် မူသော၊

ဝိဘဇ္ဇ၀ါဒိနော - ဤကား သဿတ လမ်းစဉ်၊ ဤကား ဥစ္ဆေဒလမ်းစဉ် ဟူ၍၊ အယုတ်တရား နှစ်ပါးတို့ကို ရှောင်ရှားကာ၊ မဇ္ဈိမပဋိပဒါ အကျင့်မြတ် လမ်းစဉ်ကိုသာလျှင် ဝေဖန် ပိုင်းခြားကာ ဟောကြားတော် မူလေ့ရှိတော် မူသော၊

ဝိဘဇ္ဇ၀ါဒိနော - ဤကား ပယ်သတ်ရမည့် အကြောင်း တရား၊ ဤကား သိရုံသာ သိရမည့် အကျိုးတရား ဟူ၍၊ ပယ်ရမည့် ပဟာတဗ္ဗ ခန္ဓာ၊ သိရမည့် ပရိဥာတဗ္ဗ ခန္ဓာတို့ကို၊ ဝေဖန်ပိုင်းခြားကာ ဟောကြားတော် မူလေ့ ရှိတော်မူသော၊

သမ္မာသမ္ဗုဒ္ဓဿ - သစ္စာလေးတန် ဓမ္မမှန်ကို ဆရာမကူ သယမ္ဘူ ဥာဏ်ဖြင့်၊ ကိုယ်တော်တိုင် ပြည့်စုံစွာ သိမြင်တော်မူပြီး ထသော၊ ကိုယ်တော်တိုင် ပြည့်စုံစွာ သိမြင်တော် မူပြီးသည့် အလျောက်၊ ဝေနေယျ သတ္တ၀ါတို့ကို ကိုယ်တော်နှင့် မခြား တစ်မူအလားတူ သာလျှင်၊ သိမြင်တော် မူစေတတ်သော သဗ္ဗညုတ ဥာဏပိုင်ရှင် ဘုရားရှင် ကိုယ်တော် မြတ်ကြီးအား၊

နမော - ဦးခေါင်း ညွှတ်ကျိုး လက်စုံမိုး၍၊ ရှိခိုး ကန်တော့လိုက်ရ ခြင်းသည်၊

အတ္ထု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။

(သာဓု၊ သာဓု၊ သာဓု)



0 comments:

Post a Comment