နာနိုနည်းပညာသည် အဏုမြူလေးများ၏ တည်ဆောက်ထားပုံ အနေအထားကို သိပ္ပံပညာ ရှင်များက မိမိတို့ အလိုရှိသလို စိတ်ကြိုက် ရွှေ့ပြောင်းနေရာချထားကာ လူသားများ အလိုရှိနေသည့် ပစ္စည်းကိရိယာများ၊ အသုံးအဆောင် ပစ္စည်းများကို ဖန်တီးရယူမည့် နည်းပညာပင် ဖြစ်ပါသည်။ လူသား တို့၏ ကျန်းမာရေး၊ စီးပွားရေး၊ စွမ်းအင်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှအစ စစ်ရေးကဏ္ဍ အားလုံး တို့တွင် နာနိုနည်းပညာ၏ အရေးပါလာနိုင်မှုအား တတ်နိုင်သမျှ စုစည်း၍ တင်ပြထားပါသည်။
ယနေ့ခေတ်အချိန်ကာလတွင် နည်းပညာများ တိုးတက်ပြောင်းလဲလာသည်နှင့် အမျှ ယင်းသို့ တိုးတက် ပြောင်းလဲလာသော နည်းပညာများ၏ အသီးအပွင့်များကိုခံစားရင်း လူသားတို့ အနေဖြင့် ခြိမ်း ခြောက်မှုများနှင့် စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ခဲ့ကြရပါသည်။ ယင်းအပေါ်မှ အတွေ့အကြုံများ၊ သင်ခန်းစာများ ရယူကာ ပိုမို၍ ဆန်းသစ်သော လူ့ဘောင်နှင့် လောကကြီးအား ပိုမို၍ အကျိုးပြု ထောက်ပံ့နိုင်စွမ်းသော နည်းပညာ အသစ်အဆန်းများ ထပ်မံတီထွင်ဖန်တီးကြပြန်ပါသည်။ ယနေ့ ကမ္ဘာကြီးတွင် နည်းပညာတိုးတက်မှုများ အံ့မ ခန်းရှိသလို ဆုတ်ယုတ်မှု များဖြစ်သော သဘာဝပတ် ၀န်းကျင်ပျက်စီးမှုများ၊ သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းမှုများ၊ ရာသီဥတုဖေါက်ပြန်မှုများ၊ လောင်စာ ရှားပါးလာမှုများ၊ စားနပ်ရိက္ခာ ရှားပါးလာမှုများ၊ ကုစားမရသေးသည့်ရောဂါဘယများ အစရှိသည့် ပြဿနာများလည်း အများအပြားရှိပေသည်။ ထို့ကြောင့် ၎င်းပြဿနာတို့ကို ပြေလည်အောင် ဖြေရှင်းနိုင်မည့် နည်းပညာသစ် တစ်ရပ်လိုအပ်လျှက် ရှိပေသည်။ ယခုမှပင် စတင်ဖွံ့ဖြိုးခါစရှိပါသေး သည်ဟု တင်းစားခေါ်ဆိုနေကြသည့် နာနိုနည်းပညာသည် ထူးကဲစွာသောအရှိန်အဟုန်ဖြင့် တိုးတက် ကြီးထွားလာတော့မည်ဖြစ်ရာ ယင်း၏ အကျိုးပြုမှုများနှင့် စိန်ခေါ် မှုများကို ၂၁ ရာစုလူသားများ အနေ ဖြင့် မလွဲမသွေ ရင်ဆိုင်ကြရတော့မည် ဖြစ်ပါသည်။
နာနိုနည်းပညာသည် မျက်မှောက်ခေတ်လူသားများနှင့် ယဉ်ပါးပီးဖြစ်နေသည့် မိုက်ခရို နည်းပညာတွင် ပါဝင်နေသည့် ရုပ်ဝတ္တုပစ္စည်းများအား ပို၍သေးငယ်သွားစေရန်၊ အနုစိပ်သွားစေရန် ချဉ်းကပ် ဆောင်ရွက်ရာမှ ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ နာနိုစကေးအရွယ်အစား ဖြစ်သည့် မော်လီကျူးများ၊ အက်တမ်များအား မိမိတို့အလိုရှိရာ ဂုဏ်သတ္တိနှင့် အသုံးချနိုင်မှု တန်ဖိုးများ ရရှိလာ စေရန် စီစဉ်နေရာချ တည်ဆောက်ခြင်း ဖြစ်ပါသည်။
နာနိုနည်းပညာသည် အဏုမြူလေးများ၏ တည်ဆောက်ထားပုံအနေအထားကို သိပ္ပံပညာရှင် များက မိမိတို့ အလိုရှိသလို စိတ်ကြိုက်ရွှေ့ပြောင်းနေရာချထားကာ လူသားများ အလိုရှိနေသည့် ပစ္စည်းကိရိယာများ၊ အသုံးအဆောင်ပစ္စည်းများကို ဖန်တီးရယူမည့် နည်းပညာပင်ဖြစ်ပါသည်။ သိပ္ပံပညာရှင်များ အနေဖြင့် အတိုင်းအတာပမာဏအရွယ်အစား တစ်နာနိုမီတာမှ တစ်ရာနာနိုမီတာ အတွင်းကို နာနိုခရစ္စတယ်(သို့မဟုတ်) နာနိုဒြပ်ပစ္စည်းများ(နာနိုအမှုန်ကလေးများ) ဟု ခေါ်ဝေါ်သုံးစွဲ ခဲ့ကြပါသည်။
စကြာဝဠာအတွင်းရှိ သက်ရှိသက်မဲ့အရာ ၀တ္တုဟူသမျှသည် အက်တမ်များ၊ မော်လီကျူးများ စုဖွဲ့ရာမှ Bottom-up Approach ဖြင့် သဘာဝတရားအလျှောက် ဖြစ်ပေါ်လာခြင်း ဖြစ်သော်လည်း ယနေ့အသုံးပြုနေသည့် နည်းပညာများသည် အရာဝတ္တုများကို Top-down Approach ဖြင့် ဖန်တီး ထုတ်လုပ်နေခြင်းဖြစ်ရာ နာနိုနည်းပညာသည် ယနေ့ ဖြစ်ပေါ်ပြီး နည်းပညာများနှင့် ကွဲပြားစွာ သဘာဝ အတိုင်း ပေါ်ထွက်လာမည့် သစ်ဆန်းသော နည်းပညာတစ်ရပ် ဖြစ်ပါသည်။
အဏုမြူများကို စိတ်ကြိုက်ရွှေ့ ပြောင်း နေရာချပေးနိုင်သည်နှင့်အမျှ ကျွန်ုပ်တို့ လူသားများ အနေဖြင့် အသွင်မတူ၊ စွမ်းရည်မတူသော ပစ္စည်းအမျိုးမျိုးကို စိတ်တိုင်းကျ ထုတ်လုပ်လာနိုင်ကြမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အစားအစာ၊ အ၀တ်အထည် ထုတ်လုပ်ကြသော ပစ္စည်းများ၊ နေအိမ်တိုက် တာအဆောက်အဦးများ၊ စက်ကိရိယာပစ္စည်းများ၊ မော်တော်ယာဉ်နှင့် လေယာဉ်၊ ရေယာဉ်များ၊ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်အစိတ်အပိုင်း ဟူသရွေ့ တို့ကို အဏုမြူများနှင့် ဖွဲ့စည်းထားသည်ဖြစ်၍ နာနိုနည်း ပညာက ထိုအရာအားလုံးအပြင် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်တွင် ရှိရှိသမျှသော အရာအားလုံးတို့ကို ပြုပြင်ပြောင်းလဲလွှမ်းမိုး လာပေလိမ့်မည်။ တစ်နည်းဆိုရသော် အနာဂတ်နည်းပညာ၏ ကြီးကျယ်သော လုပ်ငန်းစဉ်အားများ သေးငယ်သော အမှုန်အမွှား ကလေးများက အဓိကထိန်းကျောင်းလာကြလိမ့်မည်။
နာနိုနည်းပညာအားရှာဖွေတွေ့ရှိခြင်း
ဒြပ်ပစ္စည်းများသည် နာနိုစကေးအရွယ်အစားသို့ ရောက်ရှိချိန်တွင် ထူးခြားသော ဂုဏ်သတ္တိ များ၊ ဆန်းကျယ်သော စွမ်းအင်များ ထုတ်ဖေါ်ပြသထွက်ပေါ်လာသည်ကို လူသားတို့သည် ၎င်းတို့၏ ပတ်ဝန်းကျင်တွင် တစ်ခါတစ်ရံ၌ အမှတ်မထင်တွေ့မြင်ကြုံတွေ့ခဲ့ရပါသည်။ သို့သော်လည်း ယင်းဖြစ် စဉ်များသည် မည်သည့်အတွက်ကြောင့် မည်ကဲ့သို့ ဖြစ်ပေါ်လာရသည်ကို နားလည်နိုင်စွမ်းမရှိဘဲနေခဲ့ ကြရာမှ ဖန်ထည်ပစ္စည်းများ၊ မှန်များ ထုတ်လုပ်ခဲ့သည့် ခေတ်အလယ်ပိုင်း ကာလများသို့ ရောက်သော အခါဖန်ထည်လုပ်သားများသည် ယင်းသို့ ဒြပ်ပစ္စည်းများအနေဖြင့် အလွန်သေးငယ်သည့် အရွယ်အ စားသို့ ရောက်ရှိချိန်တွင် ဂုဏ်သတ္တိများပြောင်းလဲသွားကြသည်ကို တွေ့ရှိအသုံးပြုခဲ့ကြပြီး ၎င်းတို့ သည် ရွှေကို အလွန့်အလွန်သေးငယ်သော ရွှေမှုန်၊ ရွှေစကလေးများပြုလုပ်ပြီ ဖန်ထည်များထဲသို့ ထည့်လိုက်သည့်အခါ ၎င်းရွှေမှုန်၊ ရွှေစကလေးများသည် အရွယ်အစားအသေးအကြီး ပမာဏပေါ်မှု တည်၍ အ၀ါရောင်မှ အပြာရောင်အဖြစ်သို့ လည်းကောင်း၊ အချို့ သည် အစိမ်းရောင်အဖြစ်သို့ လည်း ကောင်း၊ အချို့ သည် အနီရောင်အဖြစ်သို့လည်းကောင်း ပြောင်းလဲသွားသည်ကို တွေ့ရှိခဲ့ကြပါသည်။ ထိုကဲ့သို့ ရှာဖွေတွေ့ရှိခဲ့သည့် ဖန်ထည်လုပ်သားများအား Early Nanotechnologists ဟု ခေါ်ဆိုရမည် ဖြစ်ပါသည်။ ယင်းသို့ တွေ့ရှိခဲ့ရာမှ ၎င်းတို့သည် ယင်းရွှေမှုန်၊ ရွှေစကလေးများ (Gold Particles) ကို အသုံးပြု၍ အလွန်လှပသော အရောင်အဆင်းရှိသည့် ဖန်ထည်ပစ္စည်းများ၊ မှန်များကို ဖန်တီး ထုတ် လုပ်ခဲ့ကြပြီး “Ruby Glass” ဟုခေါ်ဆိုခဲ့ကြပါသည်။ ယင်းခေတ် အချိန်ကာလဖြစ်သည့် (၁၇) ရာစုက ဥရောပတွင် တည်ဆောက်ထားရှိခဲ့သည့် ဘုရားကျောင်းများ၊ အဆောက်အဦးများ၏ ပြတင်းတံခါးများ တွင် အရောင်ထည့်သွင်းထားသည့် မှန်များတပ်ဆင် အသုံးပြုခဲ့သည်ကို ယနေ့တိုင် တွေ့မြင်ရမည် ဖြစ်ပါသည်။ ၎င်းဖန်ထည်လုပ်သားများသည် ယင်းအချိန်ကာလက အဖြစ်မှန်အခြေအနေမှန်ကို ကျိုး ကြောင်းဆက်စပ်၍ သိရှိနားလည်နိုင်စွမ်းမရှိခဲ့သော်လည်း ၎င်းတို့သည် ရွှေကိုနာနိုစကေးအရွယ် (Gold Nanocrystal) ပြုလုပ်ဖန်တီးခဲ့ကြပြီး လက်တွေ့ အသုံးချနိုင်ခဲ့ကြပါသည်။ တစ်နည်းဆိုရသော် နာနိုနည်းပညာသည် လူသားတို့အား စတင်၍ မိတ်ဆက်ခဲ့ခြင်းဖြစ်ပါသည်။
ခေတ်ပေါ် နာနိုနည်းပညာနှင့် ပတ်သက်သည့် အတွေးအခေါ် အယူအဆကို စတင် စဉ်းစား တွေးခေါ်ခဲ့သူမှာ ၁၉၆၅ ခုနှစ်တွင် ရူပဗေဒနိုဗယ်ဆုရရှိခဲ့သော အမေရိကန် ရူပဗေဒပညာရှင် Richard Phillip Feynman ဖြစ်ပြီး ၎င်းသည် ၁၉၅၉ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် American Physical Society ၌ ရူပဗေဒနယ်ပယ်သစ်ဆီသို့ ၀င်ရောက်ရန် ဖိတ်ခေါ်ခြင်းဟူသော ခေါင်းစဉ်ဖြင့် ၎င်း၏ အတွေးအခေါ် အယူအဆများကို ထုတ်ဖေါ်ပြောကြား ခဲ့ပါသည်။ ၎င်းက There’s Plenty of Room at the Bottom ဟုပြောဆိုခဲ့ပြီး အလွန်သေးငယ်သော ဖွဲ့စည်း တည်ဆောက်မှု (Ultra small Structure) များကို ထုတ်လုပ်နိုင်ခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းကို ရူပဗေဒပညာရှင် Richard Phillip Feynman က စီစဉ်ပြသခဲ့သည်။ ယင်းသို့ ပြုလုပ်သည့် အခမ်းအနားတွင် Feynman က ဤသို့ Ultra small Structure များကို ထုတ်လုပ်လာနိုင်ပါက စွယ်စုံကျမ်းစာအုပ် (Encyclopedia Britannica) တွင် ပါဝင်သော အကြောင်းအချက်အလက်များသည် ပင်အပ်၏ ခေါင်းအရွယ် အစားအတွင်း ချုံ့ ၍ စုစည်းနိုင်ကြောင်းနှင့် လူသားတို့၏ သိနားလည်ထားသမျှသော အသိပညာ၊ အတတ်ပညာ ဗဟုသုတ များကို ချုံ့ ၍ စုစည်းကာ ပုံနှိပ်ထုတ်ဝေပါက ပုံမှန်စာရွက် (12”x19”) ဖြင့်စာမျက်နှာ ၃၆ မျက်နှာမျှ အတွင်း ထည့်သွင်းနိုင်ကြောင်း တွက်ချက်ပြသခဲ့ပါသည်။ ၎င်းက ပြောဆိုရာတွင် လူများအနေဖြင့် အရာဝတ္တုများကို Ultra small Structure များအဖြစ် ပြုလုပ်ရန် ယခုထိတိုင် မစဉ်းစားကြသေးသည် ကို အံ့သြမိကြောင်းနှင့် နောင်တွင် လျှပ်စစ်မော်တာတစ်ခုကို လက်သည်းခွံအရွယ်အစားအတွင်း ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ပြောဆို ခဲ့ပါသည်။ ယင်းအချိန်က သူ၏ ပြောဆိုမှုများမှာ မဖြစ်နိုင်သကဲ့သို့ ရှိခဲ့ပြီး စိတ်ဝင်စားမှုလည်း နည်းပါးခဲ့ပါသည်။ သို့သော် ယခုအချိန်တွင် သူ၏ပြောဆိုမှုအတိုင်း စတင်ပြု လုပ်နိုင်ပြီဖြစ်သည့်အတွက် Richard Phillip Feynman ပြောဆိုခဲ့သည့် စကားများကို Dip-Pen Nanolithography ဖြင့်ရေးသားပြီး မှတ်တမ်းတင်ကာ ဂုဏ်ပြုခဲ့ကြပါသည်။ ယင်းသို့ ရေးသားရာတွင် စာလုံးတစ်လုံး၏ အရွယ်အစားမှာ ၆၀ နာနိုမီတာမှ ၄၀၀ နာနိုမီတာအတွက်း၌သာ ရှိကြောင်း တွေ့ရှိခဲ့ ကြပါသည်။ Richard Phillip Feynman အားဂုဏ်ပြုသည့်အနေဖြင့် ၎င်းပြောကြားခဲ့သည်များအား Dip-Pen Nanolithography ဖြင့်ရေးသားပြီး Atomic Force Microscope ဖြင့်တွေ့မြင်ရပုံကို ပုံ(၁) တွင် ဖော်ပြအပ်ပါသည်။
Feynman သည် ရူပဗေဒနိယာမများအရ နာနိုစကေးကိရိယာများ၊ ပစ္စည်းများကို ပြုလုပ်နိုင် မည်ဟု ယုံကြည်ခဲ့ပါသည်။ ထို့အပြင် အက်တမ်အချင်းချင်း ဓာတုဗေဒစည်းများဖြင့် တိကျစွာတွဲဆက် ၍ Structure ( a molecule or a device ) များဖြစ်ပေါ်နိုင်ခြင်းအပေါ်တွင် အထူးပြုရန် ရည်ညွှန်းပြီး Universal Assembler ဆိုသည်မှာ နာနိုစကေးအတိုင်းအတာအတွင်းရှိ Robotic Device များဖြစ်ပြီး လိုအပ်သည့် Chemical Compounds များရရှိရန်အတွက် Atom များအား အလိုအလျှောက် စုစည်း တွဲဆက်ပေးသည့် ကိရိယာများဖြစ်သည်။ ဥပမာအားဖြင့် Carbon Atom များဖြင့် တန်ဖိုးမကြီးသည့် Synthetic Diamond များထုတ်လုပ်ခြင်းဖြစ်ပါသည်။ Synthetic Diamond များသည် ပေါ့ပါးခြင်း၊ အလွန်မာကျောခြင်း၊ အပူစီးကူးမှုကောင်းသော်လည်း လျှပ်ကာပစ္စည်းအဖြစ် အသုံးပြုနိုင်ခြင်း စသည့် ဂုဏ်သတ္တိများကြောင့် ယခုအခါတွင် စက်မှုလုပ်ငန်းများနှင့် အသုံးအဆောင်ပစ္စည်းများအဖြစ် များစွာ အသုံးပြုနေကြပီ ဖြစ်ပါသည်။ ၁၉၇၀ ပြည့်နှစ်များသို့ ရောက်ရှိလာသောအခါ အနာဂတ်နည်းပညာ၏ အရေးပါသော အစိတ်အပိုင်းအဖြစ် နာနိုနည်းပညာအား အလေးထား ဂရုပြုလာခဲ့ကြသည်။ နာနိုနည်း ပညာဟူသည့် ပညာရပ်၏ ဆိုင်ရာခေါ်ဝေါ်သုံးစွဲမှုကို ပထမဦးဆုံး စတင်အသုံးပြုခဲ့သူမှာ ဂျပန်သိပ္ပံ ပညာရှင် Norio Taniguchi ဖြစ်ပြီး ၁၉၇၄ ခုနှစ်တွင် ၎င်းအနေဖြင့် စာတမ်းတစ်စောင် ပြုစုရေးသား ရာတွင် “On the Basic Concept of Nanotechnology” ဟု ခေါင်းစဉ်တပ်၍ သုံးစွဲခဲ့ခြင်းဖြင့် စတင်ခဲ့ သည်။ ယင်းနောက် ၁၉၈၀ ခုနှစ်တွင် ၁၉၉၀ ခုနှစ်များတွင် နာနိုနည်းပညာနှင့် ပက်သက်၍ စဉ်ဆက် မပြတ် စိတ်ပါဝင်စားမှုကြီးမားစွာဖြင့် စူးစမ်းလေ့လာမှုများ ပြုလုပ်ခဲ့ကြပါသည်။
၁၉၈၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ဟူစတန်ရှိ ရိုက်စ်တက္ကသိုလ်မှာ ပါမောက္ခ Richard E Smalley ဦးဆောင်သည့် ဓာတုဗေဒပညာရှင်များသည် ကာဗွန်အက်တမ် ၆၀ ပါဝင်ဖွဲ့စည်းထားသော ဘောလုံးပုံသဏ္ဍာန်ကာဗွန်မော်လီကျူးများကို စတင်တွေ့ရှိခဲ့သည်။ ယင်းသို့ တွေ့ရှိခဲ့မှုအတွက် ဓာတုဗေဒ ပညာရပ်တွင် နိုဘယ်လ်ဆု ချီးမြှင့်ခြင်း ခံခဲ့ရပေသည်။ သိပ္ပံပညာရှင်များ က ၎င်းဘောလုံးသဏ္ဍာန် ကာဗွန်မော်လီကျူးများကို Bucky ball (သို့မဟုတ်) Fullerenes ဟု အမည် ပေးခဲ့ကြသည်။ ပုံ (၂) တွင် Bucky ball ၏ ပုံကိုဖော်ပြအပ်ပါသည်။
ယင်းသို့ ကာဗွန်မော်လီကျူးများ တွေ့ရှိခဲ့ခြင်းသည် များစွာသော စိတ်လှုပ်ရှားဖွယ်အကြောင်း အရာများကို ဖြစ်ပေါ်စေခဲ့သည်။ ကာဗွန်သည် လူသားတို့၏ နေထိုင်မှု ဘ၀တွင် အခြေခံကျသော ဒြပ်ပစ္စည်းများအနက် တစ်ခုဖြစ်ပြီး ကာဗွန်အက်တမ်များထက် ပိုမို၍ဒြပ်ပေါင်းများ ဖြစ်ပေါ်စေနိုင်သည့် ဂုဏ်သတ္တိများရှိပါသည်။ ကာဗွန်အက်တမ်များသည် ခိုင်မာသောစည်း (Bond) များဖြင့် ချိတ်ဆက် ထားနိုင်ပြီး အခြားဒြပ်ပစ္စည်းများနှင့် နှိုင်းယှဉ်လျှင်လည်း ပေါ့ပါးသည့် ဂုဏ်သတ္တိများရှိကြသည်။ သိပ္ပံ ပညာရှင်များ ရှာဖွေတွေ့ရှိခဲ့သည့် ဘောလုံးသဏ္ဍာန် ကာဗွန်မော်လီကျူးများ Bucky balls သည် ပိုမို၍ စိတ်လှုပ်ရှားဖွယ်ရာ ဆန်းကြယ်သော ဂုဏ်သတ္တိများ ရှိကြပြီး ၎င်းတို့သည် အလွန်မြင့်မားသည့် အပူ ချိန်နှင့် ဖိအားကို ခံနိုင်ရည်ရှိကြောင်း တွေ့ရှိခဲ့ကြပါသည်။ ယင်းတို့ကို ၁၅ % ဖိသိပ်လိုက်ခြင်းဖြင့် လျှပ်ကူးနိုင်မှု စွမ်းရည် ၁၀၀ ဆ တို့မြှင့်သွားကြောင်း တွေ့ရှိရပါသည်။ Bucky ball များကို Molecular Ball Bearing များအဖြစ် လည်းကောင်း၊ ဓာတ်ကူးပစ္စည်းအဖြစ်လည်းကောင်း၊ Molecular Sieve များ အဖြစ်လည်းကောင်း အသုံးပြုလျက်ရှိပါသည်။
၁၉၉၁ ခုနှစ်တွင် ဂျပန်နိုင်ငံ NEC ကော်ပိုရေးရှင်းဗဟိုသုတေသနဌာနမှ ရူပဗေဒပညာရှင် Sumio Iijima က ပါမောက္ခ Smalley နှင့်အဖွဲ့ ရှာဖွေတွေ့ရှိခဲ့သည့် ဘောလုံးပုံသဏ္ဍာန် ကာဗွန်မော် လီကျူးများ Bucky Ball Discovery ကို ကျယ်ပြန့်စွာ လေ့လာခဲ့ရာမှ ပိုက်ပုံသဏ္ဍာန် ကာဗွန်မော်လီ ကျူးအသွင်တစ်မျိုးကို ထပ်မံတွေ့ရှိခဲ့ရာ ယင်းကာဗွန်မော်လီကျူးအသွင်သဏ္ဍာန်ကို Carbon Nanotube ဟုအမည်ပေးခဲ့ပါသည်။ ၁၉၉၃ ခုနှစ်တွင် သုတေသနပညာရှင်နှစ်ဦးဖြစ်သော ဂျပန်နိုင်ငံမှ ရူပဗေဒပညာရှင် Iijima နှင့် အမေရိကန်နိုင်ငံ California ရှိ IBM Almaden သုတေသနဌာနမှ ရူပဗေဒပညာရှင် Donald S-Bithune တို့ နှစ်ဦးသည် အက်တမ်တစ်ခု၏ အရွယ်အစားသာ အထူရှိ သော Nanotube ကိုထပ်မံတွေ့ရှိခဲ့ခြင်းဖြင့် ထူးခြားသော အကျိုးဖြစ်ထွန်းမှုများ ရရှိခဲ့ပါသည်။ ယင်း ကာဗွန် Nanotube များသည် Surface to Volume ratio မြင့်မားသည့်အတွက် အလွန်ပါးလွှာပြီး ပေါ့ပါးခိုင်ခန့်သည့် ဂုဏ်သတ္တိများ ရှိကြောင်း တွေ့ရှိရပါသည်။ သံမဏိများထက် အဆ ၁၀၀ ခန့် ပိုမို ခိုင်မာခြင်း၊ သံမဏိအလေးချိန်၏ ငါးပုံတစ်ပုံခန့်သာ ရှိခြင်းစသည့် အရည်အသွေးများရှိပြီး ပြုလုပ်နိုင်ခဲ့ သမျှသော ဒြပ်ပစ္စည်းထဲတွင် အမာဆုံးဒြပ်ပစ္စည်းဖြစ်ကြောင်း သုတေသနပြုတွေ့ရှိခဲ့ကြပါသည်။ ပုံ (၃) ဖြင့် Carbon Nanotube များကို ဖော်ပြအပ်ပါသည်။
Single–wall Nanotube ဆိုသည်မှာ အသေးဆုံးနာနိုတည်ဆောက်မှုတစ်ခု ဖြစ်ပြီး အရွယ် အစားအား ဖြင့် တစ်နာနိုမီတာခန့်သာရှိပြီ ကာဗွန်အက်တမ် အလွှာတစ်လွှာတည်းဖြင့် တည်ဆောက် ထားသည့် လက်ရှိ ပစ္စည်းများထဲတွင် အခိုင်မာဆုံး၊ လျှပ်စီးမှုအကောင်းဆုံးနှင့် ကွေးညွှတ်မှုဒဏ်ကို လည်း ခံနိုင်ရည်အများဆုံး ဖြစ်သည်။ ကာဗွန်ဖြင့်ပြုလုပ်ခြင်းကြောင့် ပေါ့ပါးမှုရှိပြီး သံမဏိထက်အဆ ၆၀ ကျော်ခန့် ခိုင်ခံမည် ဖြစ်ပါသည်။ အပူစီးကူးမှုတွင်လည်း အကောင်းဆုံးဖြစ်ပြီး လျှပ်စစ်ခုခံမှုလည်း မရှိသ လောက်နည်းပါးမည် ဖြစ်ပါသည်။ Single–wall Nanotube များကို Electronic Circuit အဖြစ် အသုံးပြုနိုင်ခြင်းဖြင့် Transistor သန်းပေါင်းများစွာ အသုံးပြုရသည့် Computer Chip များနေရာတွင် အစားထိုး အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ယနေ့အသုံးပြုနေသည့် Computer Chip များသည် Transistor ၄၂ သန်းပါဝင်သဖြင့် ယင်းတို့နေရာတွင် Carbon Nanotube များကို အစားထိုးအသုံးပြု ခြင်းဖြင့် ကွန်ပျူတာများသည် တစ်ဖြေးဖြေး သေးငယ်လာခြင်း၊ ပို၍မြန်ဆန်လာခြင်း၊ ပို၍စွမ်းရည် မြင့်မားလာဖြင်းစသည့် အားသာချက်များ ရရှိလာနိုင်မည် ဖြစ်ပါသည်။ ယင်း Carbon Nanotube ကို အခြေခံ၍ သေးငယ်ပြီး စွမ်းရည်မြင့်မားသော အီလက်ထရောနစ်ပစ္စည်းများသည် နေ့စဉ်နှင့်အမျှ စမ်းသပ်ပြုလုပ်အောင်မြင်မှုများ ရရှိနေသည်ဖြစ်ပါသည်။ ထို့အပြင် Carbon Nanotube များသည် စက်မှု၊ လျှပ်စစ်နှင့် အပူဆိုင်ရာ ဂုဏ်သတ္တိများ အထူးမြင့်မားသည် ဖြစ်ပေရာလက်ရှိ အသုံးပြုနေသော နယ်ပယ်အသီးသီးရှိ ကုန်ပစ္စည်းများအား အစား ထိုးလာနိုင်တော့မည် ဖြစ်ပါသည်။ Carbon Nanotube များသည် ပေါ့ပါးသော်လည်း စက်မှုဆိုင်ရာ ဂုဏ်သတ္တိများ အထူးမြင့်မားသည်ကို ဇယား (၁) တွင် နှိုင်းယှဉ်တွေ့ရှိ ရပါသည်။
Nano Composite Material များသည် သတ္တုဗေဒနည်းပညာ၊ ဓာတုဗေဒနည်းပညာ များဖြင့် ဖန်တီး နိုင်စွမ်းမရှိသော ခိုင်ခန့်မှု၊ မာကျောမှုနှင့် ပေါ့ပါးမှု စွမ်းရည်များကို ပေစွမ်းနိုင်ခြင်းမှာ အောက် ဖော်ပြပါ အကြောင်းများကြောင့်ဖြစ်ပါသည်။
• Nanostructured Material များသည် Molecule တစ်ခုနှင့်တစ်ခုအကြားတွင် ဖြစ်ပေါ်နေသည့် Binding Gap ကို အလွန်လျော့နည်းစေရန် တည်ဆောက်နိုင်ခြင်း။
• ယနေ့အချိန်တွင် စက်မှုကုန်ထုတ်ပစ္စည်းများ ပြုလုပ်နိုင်ရန်အတွက် ပေါ်ပေါက်ပြီးသော နည်းပညာ များဖြင့် ထုတ်လုပ်ထားသည့် Steel Structure များသည် မော်လီကျူး တည်ဆောက်မှု (၁၅ မှ ၂၀) နာနိုမီတာအတွင်း ကင်းလွတ်မှု ရှိကြသော်လည်း နာနိုနည်းပညာ ဖြင့် မော်လီကျူး ကင်းလွတ်မှု အကွာအဝေး မရှိတော့သလောက်ဖြစ်ပြီး ထိစပ်တင်းကြပ်မှု ပိုမို ရရှိစေရန် တည်ဆောက်နိုင်သဖြင့် မူလ ပစ္စည်းများထက် ပိုမိုတောင့်တင်း ခိုင်မာမှု ရရှိ လာနိုင်ခြင်း။ Steel များ၏ Austenite Grain Structure ကို ပုံ(၄) ဖြင့်လည်းကောင်း၊ ယနေ့ အသုံးပြုနေသည့် Nanostructured Material ကို ပုံ(၅) ဖြင့်လည်းကောင်း နှိုင်းယှဉ် ဖော်ပြအပ်ပါသည်။
ယခုအခါတွင် နာနိုနည်းပညာကို အသုံးပြု၍ စက်မှုကဏ္ဍ ထုတ်လုပ်ရေးနယ်ပယ်တွင် Samsung ကုမ္ပဏီသည် Sliver Nanoparticle များဖြင့် Nano Health System တွင် အသုံးချမှုပြု လုပ်လျှက်ရှိသည်ကို တွေ့ရှိရပါသည်။ နည်းပညာအသုံးချမှုမှာ နာနိုစကေးအရွယ် အစားရှိ ငွေဒြပ်စင် များကို သန့်ရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကုန်ပစ္စည်းများ ထုတ်လုပ်မှုတွင် အသုံးချလာခြင်း ဖြစ်ပါ သည်။ အဆိုပါ Sliver Nanoparticle များဖြင့် အန္တရာယ်ဖြစ်စေနိုင်မည့် ဘက်တီးရီယားများကို ဖယ် ထုတ်သန့်စင်ပေးခြင်း၊ အန္တရာယ်ဖြစ်စေမည့် ဘက်တီးရီယားများကင်းစင်ရာ နယ်မြေအဖြစ် ဖန်တီးခြင်း တို့ကို လုပ်ဆောင်ပေးနိုင်သည့် နည်းပညာကို အသုံးပြုလျှက်ရှိပါသည်။ ၎င်း နည်းပညာကို Samsung ကုမ္ပဏီမှ ထုတ်လုပ်သည့် ရေခဲသေတ္တာများ၊ အ၀တ်လျှော်စက်များ၊ လေအေးပေးစက်များ နှင့် ဖုန်စုပ်စက်များတွင် ထည့်သွင်းအသုံးပြုလျှက်ရှိပါသည်။
နာနိုနည်းပညာဖြင့် Antibacterial Technology တွင် အသုံးပြုလျှက်ရှိပါသည်။ နာနိုနည်း ပညာဖြင့် ရောဂါဖြစ်ပွားစေသော ပိုမွှားများ၊ မှိုများနှင့် ဘက်တီးရီယား အမျိုးအစား ၆၅၀ ကျော်ကို သတ်ဖြတ် ရှင်းလင်းပေးနိုင်စွမ်းရှိပါသည်။ Sliver Nano Health System ပါဝင်သည့် ရေခဲသေတ္တာ သည် အခြားရေခဲသေတ္တာများထက် မည်သည့်ပစ္စည်းကိုမဆို ၅ ဆခန့် ပို၍ ကြာရှည် အထားခံ ပါသည်။ Sliver Nano Health System ကြောင့် အ၀တ်အထည်များ လျှော်ဖွတ်စဉ် ဘက်တီးရီယား ၉၉.၉ ရာခိုင်နှုန်းကို သတ်ဖြတ်ရှင်းလင်းပေးနိုင်ရုံသာမက Nano Coating အသုံးပြုခြင်းဖြင့် အ၀တ် အစားများအား ရက်ပေါင်း ၃၀ အထိ ဘက်တီးရီယားများ ၀င်ရောက်ကပ်ညှိခြင်းမရှိအောင် ကာကွယ် တားဆီးပေးနိုင်ပါသည်။
ဇီဝဗေဒဆိုင်ရာ ဆေးပညာများတွင်လည်း နာနိုနည်းပညာကို စတင်အသုံးပြုလာပြီ ဖြစ်ပါ သည်။ ဗိုက်ရပ်စ်ပိုး၏ အရွယ်အစားသည် ပုံမှန်အားဖြင့် ၁၀၀ နာနိုမီတာ အရွယ်ခန့်ရှိရာ နာနိုနည်းပညာ ဖြင့် ဗိုက်ရပ်စ်အား သတ်ဖြတ်ရှင်းလင်းရန် အကောင်းဆုံးနှင့် အလွယ်ကူဆုံးအဖြစ် တွေ့မြင်သိရှိလာကြပါသည်။ သက်ရှိဆဲလ်များသည် ပြင်ပမှ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာသော ကုန်ကြမ်းများကို ကုန်ချောအဖြစ် ပြုပြင်ထုတ်လုပ်ပေးနိုင်ပြီး လောင်စာကို စွမ်းအင်အဖြစ်ပြောင်းလဲ ပေးနိုင်ပါသည်။ ဆဲလ်တစ်ခုတွင် နာဂိုမှုလပါရှိသော (Deoxyribo Nucleric Acid-DNA) ဗီဇ၏ ပရိုဂရမ်အစီအစဉ်အတိုင်း ပရိုတင်းများ၊ အင်ဇိုင်းများကို အတိအကျ ထုတ်ပေးနိုင်ပါသည်။ နာနိုနည်း ပညာအရ ကလပ်စည်းဆဲလ်တစ်ချင်း၏ အရွယ်ပမာဏရှိသော စက်ကလေးများကို ပရိုဂရမ်ဖြင့် စေခိုင်း အလုပ်လုပ်စေနိုင်မည် ဖြစ်ပါသည်။
ထို့အပြင် နာနိုနည်းပညာနှင့် ဆက်စပ်ဖြစ်ထွန်းမှုများ ဖြစ်သော Nanotube များ၊ Molecule Motor များ၊ DNA-based Assembly များ၊ Quantum Dot များသည် အီလက်ထရွန်းနစ်နည်းပညာကို တော်လှန်ရေး တစ်ရပ်သဖွယ် ပြောင်းလဲစေမည့် အနေအထားသို့ ရောက်ရှိစေရန် တာစူလျက်ရှိနေပေ သည်။ နာနိုအီလက်ထရောနစ်သည် များမကြာမီ အနာဂတ်ကာလတွင် အီလက်ထရောနစ်နည်းပညာ ရပ်၏ အသေးငယ်ဆုံးသော အဓိကသုတေသနပြု နယ်ပယ်ဖြစ်လာတော့မည် ဖြစ်ပါသည်။ ယနေ့ခေတ်တွင် လူသားများသည် Microelectronic နည်းပညာကိုလည်း ပိုင်ဆိုင်ထားပြီး ဖြစ်ပါသည်။
နေ့ရက်ပေါင်းများစွာကို အမှတ်တရလေးတွေနဲ့ ကျွန်တော်တို့ ဖြတ်သန်းခဲ့ကြပါတယ်။
------------------------------------------------------------------------------------
၀၁. နာနိုအတိုင်းအတာ
နန်နို Nano သည် တစ်-နန်နိုမီတာ (၁၀ ၏ ထပ်ညွှန်းကိန်း အနုတ် ၉ မီတာ) အတိုင်းအတာကို ကိုယ်စားပြု ပေ သည်။ တစ်-နန်နိုမီတာသည် (Millionth of a Millimetre (၀ါ) About One Eighty Thousandth the Width of a Human Hair) နှင့်ညီမျှပေသည်။ နန်နို-ဒြပ်ထုပစ္စည်း nanoparticles တို့သည် သေးငယ်သော်လည်း ၎င်း တို့၏ ကိုယ်ပိုင်ဂုဏ်သတ္တိများ (Their Unique Properties) , (ရုပ်ပိုင်း၊ ဓါတ်ပိုင်း)မှာ အံ့သြဖွယ်ကောင်း လှပေ သည်။
၀၂.အရောင်နှင့် ပုံပန်းသဏ္ဍန်
၎င်းတို့၏ အရောင်(Luster, color of particles in colloidal)မှာ ၎င်းတို့၏ အရွယ်နှင့်ပုံပန်းသဏ္ဍန်(Size and Shape) ပေါ်မူတည်၍ အမျိုးမျိုးပြောင်းလဲ တတ်ကြပေသည်။ ဥပမာ- Gold-နန်နို ဒြပ်ထု (Gold Nanoparticles) ၏ အရောင်(Luster, color of colloidal)သည် အနီ(Red)၊ အပြာ(Blue)၊ အပြာနု(Light Blue) စသည်ဖြင့် အမျိုးမျိုး ရှိနိုင်ပေသည်။ နန်နို-ဒြပ်ပစ္စည်းတို့သည် အလွန်ပေါ့ပါးခြင်း၊ အပူစီးကူးမှုကောင်း ခြင်း၊ လျှပ်စီးမှုကောင်းခြင်းတို့မှာ မူလသတ္တု၏ဂုဏ်သတ္တိထက် များစွာသာလွန်ပေသည်။ ၎င်းဒြပ်ပစ္စည်း ထုတ်လုပ်မှုကြောင့် ဖြစ်ပေါ်လာမည့်ဆိုးကျိုးမှာလည်း လက်ရှိလေ့လာစမ်းသပ်ချက်များအရ ပြောပလောက် အောင် မတွေ့ရသေးချေ။
၀၃.အသုံးချမှုများ
၎င်း၏ထူးကဲကောင်းမွန်သော ဂုဏ်သတ္တိများကြောင့်၊ ၎င်း၏ဂုဏ်သတ္တိအမျိုးမျိုးကိုလိုက်၍ နယ်ပယ်အသီးသီးတွင်-တွင်ကျယ်စွာဖြင့် တွေးတောကြံဆ အသုံးပြုလာ ကြပေသည်။ အထူးသဖြင့် အီလက်ထရောနစ်နယ်ပယ်၊ ဆေးပညာနယ်ပယ်၊ သတင်းနှင့်နည်းပညာဆိုင်ရာနယ်ပယ်၊ စွမ်းအင် ထိန်းသိမ်းရေးကဏ္ဌဆိုင်ရာနယ်ပယ်၊ မျိုးဗီဇ ဆိုင်ရာနယ်ပယ်တို့တွင် အောင်မြင်စွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးချလျှက်ရှိနေသည်မှာ ဆယ်စုနှစ်ခန့်ပင်ရှိပေပြီ။ ယနေ့လက်ရှိကမ္ဘာတွင်လည်း အစိုးရအသီးသီးနှင့် ပုဂ္ဂလိကစီးပွားရေး အဖွဲ့အစည်း အမျိုးမျိုးတို့သည်လည်း နန်နိုနည်းပညာ (Nanotechnology) ဖွံ့ဖြိုးရေးနှင့်၊ ၎င်းဒြပ်ပစ္စည်းကို အကျိုးရှိရှိထိရောက်စွာ အသုံးချနိုင်ရေး တို့အတွက်ရည်ရွယ်၍ တစ်စထက်တစ်စတိုး၍ ရင်းနှီးမြှုပ်နှံမှု့များ ပြုလုပ်လာနေကြပေသည်။ အမှန်စင်စစ်အားဖြင့် နန်နိုနည်းပညာ (Nanotechnology) သည် မျက်မှောက်ခေတ်သိပ္ပံနယ်ပယ်တွင် နှစ်လိုဖွယ် အကျိုးဖြစ်ထွန်းမှု၊ အံ့မခန်းသော ဒြပ်ပစ္စည်း အသစ်များ ရှာဖွေတွေ့ရှိမှုတို့နှင့် အတူယှဉ်တွဲလျှက် ကျွန်ုပ်တို့မှီတင်းနေထိုင်ရာ ဤကမ္ဘာလောကကြီးအတွက် အမှန်တကယ် အကျိုးကျေးဇူးရှိသည့် ဆိုးကျိုး အနည်းဆုံးသော နည်းပညာသစ်တစ်ရပ် ဖြစ်သလောဆိုသည့် မေးခွန်းနှင့်လည်း ရင်ဆိုင်နေရဦးမည် ဖြစ်ပေသည်။
၀၄.အက်တမ်, ဒြပ်ပစ္စည်း အခြေခံသဘောတရားများ
နန်နိုသိပ္ပံနှင့်နန်နိုနည်းပညာ Nanoscience and Nanotechnology ၏သဘောကို နားလည် သဘောပေါက်ရန် ၎င်း၏အရေးပါပုံကို နိဒါန်းအနေနှင့် ဖေါ်ပြပြီးနောက် ဒြပ်သတ္တုပစ္စည်းများ၏ တည်ဆောက်ပုံနှင့် ဂုဏ်သတ္တိများကို အခြေခံကျကျနား လည်သဘောပေါက်ရန်အတွက် အက်တမ်များ၏ ဖွဲ့စည်းတည်ဆောက်ပုံကို ဖော်ပြပါမည်။ ထို့အပြင် ဒြပ်သတ္တုပစ္စည်းများ၏ သဘာဝရုပ်အခြေအနေများ၊ အက်တမ်များ ပုံဆောင်ခဲအဖြစ် ဖွဲ့စည်းတည်ဆောက်ပုံ၊ ၎င်းတို့၏ပုံဆောင်ခဲငြမ်းများအကြောင်းကိုလည်း ဆက်လက် ဖော်ပြပေးပါမည်။ နန်နိုနည်းပညာနယ်ပယ်၌ အချိန်နှင့်တပြေးညီပင် အသစ်၊ အသစ်သော ဒြပ်ပစ္စည်းများ ပေါ်ထွက်လျှက် ရှိုပေသည်။ ထို့ကြောင့် ၎င်းတို့နှင့်ပတ်သက်သော သိပ္ပံပညာရပ်ကို သိရှိနားလည်ရန်၊ သိပ္ပံနည်းကျကျ လေ့လာအသုံးပြုနိုင်ရန်နှင့် အသုံးပြုနေစဉ် ဖြစ်ပေါ်တတ်သော ၎င်းတို့၏ အပြုအမူကို ချုပ်ကိုင်ထားသည့် အချက်များကို နှံ့နှံ့စပ်စပ်သိရှိထားရန် အထူး လိုအပ်လှပေသည်။
၀၅.အက်တမ်(အနုမြူ)များ, Atoms
အားလုံးသော အရာဝတ္ထုများကို အက်တမ်(အနုမြူ)များဖြင့် ဖွဲ့စည်တည်ဆောက်ထား၏။ အက်တမ်တစ်ခုစီ၏ အလယ်ဗဟို၌ ပရိုတွန်ခေါ် အလေးချိန်စီးသည့် အမြုတေ (Nucleus) တစ်ခုစီပါရှိပြီး ၎င်းသည် လျှပ်စစ်အဖိုဓာတ်ကို ဆောင်၏။ ဤအမြုတေ(Nucleus)ကို လျှပ်စစ်အမဓာတ်ဆောင်သော တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍များသည့် အလွန်သေးငယ်သော အီလက်ထရွန်များက မိမိတို့၏ ပါတ်လမ်းအတိုင်း အဆက်မပြတ် လည်ပတ်၍၀န်းရံထား၏။ အကြောင်းမှာ အမြုတေရှိ အဖိုဓာတ်နှင့် ၎င်းအားပတ်လမ်း အတိုင်းလှည့်ပတ်နေသော အီလက်ထရွန်အမဓာတ်တို့သည် အပြန်အလှန်ခိုင်မြဲစွာ ဆွဲငင်နေကြသောကြောင့် ဖြစ်ပေသည်။ အချို့သောအီလက်ထရွန်များသည် အမြုတေ ၏အနားမှ နီးကပ်စွာလှည့်ပတ်၍၊ အချို့မှာအမြုတေနှင့်ပို၍ဝေးသည့် နေရာများမှလှည့်ပတ်လျှက် ရှိနေကြ၏။ အီလက်ထရွန်ပတ်လမ်း၏ ပျမ်းမျှအချင်းသည် ၁၀-၈ စင်တီမီတာ (၁/၁၀၀၀၀၀၀၀၀ စင်တီမီတာ ) ခန့်ရှိ၏။ ပရိုတွန်နှင့်နှိုင်းစာပါက အီလက်ထရွန်များ၏ အလေးချိန်သည် ပြောပလောက်အောင်မရှိပေ။ အရွယ်ပမာဏ အားဖြင့် အမြုတေ(Nucleus)သည် (ပျမ်းမျှ ၃×၁၀-၁၅ မီတာ) ရှိ၍၊ အက်တမ်(Atom)မှာ (ပျမ်းမျှ ၃×၁၀-၁၀ မီတာ) ရှိပေသည်။ သို့ဖြစ်ခြင်းကြောင့် ပတ်လမ်းတစ်ခုရှိ အီလက်ထရွန်တစ်လုံးသည် အမြုတေ(Nucleus)ကို တိုက်မိရန် အခွင့်အရေးမှာ ဖြစ်နိုင်ချေအားဖြင့်(သုည၊ zero ဖြစ်ပေလိမ့်မည်) မရှိပေ။
ရေးသားသူ။ ။ မောင်နိုင်